Thursday, November 26, 2009

သာဂိ ပုံပြင်

တနေ့သ၌ ကျွန်ုပ်သည် ပျင်းပျင်းရှိလှသဖြင့် မိမိ၏ကွန်ပြူတာထဲမှတဆင့် ကမ္ဘာကြီးရဲ့ စာမျက်နှာတွေကို လျှောက်လှန်လှောနေမိ၏။ ယခင် ဤသို့သော အလုပ်ပိတ်ရက်များတွင် ကျွန်ုပ်၏အချိန်တော်တော်များများမှာ တဇောက်ကန်နိုင်လှသော ရုရှဖြစ်နိုင်ငံရေးစာမျက် နှာအချို့ကိုဖတ်၍ တကိုယ်တည်း ဆဲဆိုခြင်းဖြင့် အချိန်ဖြုန်းလေ့ရှိသည်။ ထိုနောက် ဒင်းတို့ တမင်တကာဆွပေးနေမှန်း သိလာတော့မှ ကိုယ်ရှိန်သတ်ပြီး ဘာသာရေးနှင့် ရသစာပေ စာမျက်နှာတွေ၌သာ အာရုံစိုက်လိုက်တော့သည်။ ဒီလိုနဲ့ ယခုအချိန်မတိုင်မှီ တစ်လ အလိုအထိ ကာလရှည်ကြာ အေးရာအေးကြောင်း ဖြစ်နေခဲ့သေးသည်။ ယခုတော့.......

မိမိ၏ အင်တာနက်စာမျက်နှာများပေါ် ဖြတ်သန်းခဲ့သည့် အတွေ့အကြုံများအား ပြန်လည် သုံးသပ်ရင်း တပည့်ကျော် သာဂိဖျော်လာပေးသော ကော်ဖီအား စိတ်ပြေနပြေသောက် လျှက် အဖေ့ဘုတ်တွင် လယ်စိုက်နေမိသည်(ဘုရားသခင် စိတ်ဆိုးလည်း ဆိုးချင်စရာ)။ ထိုအခိုက် သာဂိသည် ကော်ဖီချပေးပြီး လှည့်ထွက်မသွားသေးပဲ မိမိဘေးတွင် မတ်တပ် ရပ်လျက်နေ၏။ ထို့ကြောင့်...

“မောင်သာဂိ.. ဘယ့်နှယ့် အကြောင်းရှိသလဲကွယ့်”
“ထွေလီကာလီရယ်တော့ မရှိပါဘူး ဆရာ.. ဆရာလယ်စိုက်တာကြည့်ပြီး ရွာမှာတုန်းက လယ်ထဲအလုပ်လုပ်ခဲ့တာတွေ သတိရသွားလို့ပါ”
“ဆရာတို့ စိုက်ထှာတော့ အလွယ်ကလေးနော”...ဟု မြင်းခြံလေသံဖြင့်ပြော၏။ သူ့အပြောကြောင့် ကျွန်ုပ်လည်းပြုံးလျှက် ကိုယ့်အလုပ်ကိုယ် ဆက်လုပ်နေမိသည်။

လယ်စိုက်၍ ပျင်းလာသောအခါ ဘလောဂ့်တွေ လှည့်ဖတ်လိုက်အုံးမှဆိုပြီး စာရေးကောင်း သော ဘလောဂ့်များကို လှည့်လည်ဖတ်ရှုနေမိသည်။ ထို့အတူ တွေ့ကရာမြင်ကရာ လင့်ခ်များကို ဟိုနှိပ်ဒီနှိပ်ဖြင့် စာရေးကောင်းသော ဘလောဂ့်သစ်ရှာဖွေခြင်းကလည်း ကျွန်ုပ်၏အကျင့်တစ်ခုပင်တည်း။ သို့ပေမယ့် အရည်မရအဖတ်မရရေးသော ဘလောဂ့်များ ကိုသာ မကြာခဏနှိပ်မိသဖြင့် ထိုအကျင့်မှာ ယခုပျောက်လုလုရှိလာသည်။

ဘလောဂ့်ဆိုသည့် သဘောတရားကို ကြီးကြီးကျယ်ကျယ် ကျွန်ုပ်ဤသို့မြင်မိသည်... ဒီမိုကရေစီထွန်းကားခါစ နိုင်ငံတစ်ခုနှင့်တူ၏။ အကောင်းရှိသလို အဆိုးလည်းရှိမည်သာ။ သို့ပေမယ့် အဆိုးကပိုများတတ်သည်က သဘာဝပေတည်း။ ထိုအဆိုးများကို လိုက်လံ ထောက်ပြဝေဖန်နေလျှင်တော့ ဖတ်ဖတ်မောရုံသာရှိပေမည်။ လောကတွင်ပြုပြင်လို့ ရမည့်သူမှာ တစ်ဦးသာလျှင်ရှိသည်။ ထိုသူမှာ အခြားမဟုတ်မိမိသာလျှင်ဖြစ်သည် ဟူသော တရားသဘောကို တဒင်္ဂလစ်လျူရှုချင်မိသည်။ ထို့ကြောင့် သူတော်ဟုအမည်ဖြင့် ဘလောဂ့်တစ်ခုလုပ်ကာ  ကျွန်ုပ်လည်းလူမိုက်ဂိုက် ဖမ်းမိလေတော့သည်။

မြင်ဖူးနေကျ အပ်ကြောင်းထပ်စကားလုံးဖြစ်တဲ့ ဘလောဂ့်ဂါဆိုတာ စာရေးဆရာမှ မဟုတ်တာ... ဟု ပြောသူများသည် မိမိရေးသောစာအား တာဝန်မခံလိုသူများအဖြစ် မြင်မိသည်။ အများမြင်သာသည့် နေရာတွင်ရေးပြီး ဆိုကတည်းက အများမျက်နှာတော့ အနည်းငယ်မျှ  ငဲ့ကြည့်သင့်ပေသည်။ ကိုယ့်ဘလောဂ့်မှာ ကိုယ်ရေးချင်တာရေးလို့ ရပါသည်။ သို့ပေမယ့် အကျိုးမပြုခဲ့လျှင်တောင် အဆိပ်အတောက်မဖြစ်ဖို့ မိမိကိုယ်ကို တာဝန်ယူသင့်သည်။ ထို့အတူ အကျိုးပြုစာ မရေးတတ်ပါဖူး အော်နေရုံနှင့်မပြီး။ မိမိရေးလာသော သက်တမ်းနှင့် မိမိအားထုတ်ခဲ့သောအရာများ ချိန်ဆတတ်ရန် လို လာသည်။ သက်တမ်းသာရင့်ပြီး အီးယောင်ဝါးဖြစ်နေရင်တော့ ရှက်စရာမဟုတ်ပေဖူးလား မောင်တို့မယ်တို့ဟု ပြောလိုက်ချင်သည်။ စာဖတ်သူနဲ့ ခံစားချက်တိုက်ဆိုင်ခဲ့ရင်တော့ ရှိစေတော့ပေါ့...။

ပရိုဆန်အောင်စာရေးနိုင်မှ ဘလောဂ့်ရေးရမယ် ဆိုတဲ့စည်းကမ်းနဲ့ Googleကတောင် အမိန့်မထုတ်တာ  ဒီသူတော်ဆိုတဲ့အကောင်က သောက်ကြီးသောက်ကျယ်ရေးပြီး သူများကို နှိပ်ကွပ်မလေး ဘာလေးကြေငြာရအောင် ဒီကောင်ကရော ဘာကောင်တုန်း ဆိုလျှင်တော့.... ကျွန်ုပ်၏ Blog Template ထဲက လက်ယာဖက်မှာ ရပ်နေတဲ့ကောင်နဲ့ပဲ ခြိမ်းခြောက်ရမှာပေါ့ ဟား ဟား။(နောက်တာနော်..အဟက်)

ရှင်းပါသည်...။ ဒင်းတို့လည်း အလကားရလို့ ရေးချင်တာရေးသည်။ ကျွန်ုပ်လည်း အလကားရလို့ ဗျင်းချင်တာဗျင်းသည်။ သို့ပေတည်း မှန်တဲ့ဖက်က ဖြစ်အောင် ကြိုးစားမည်(ကိုယ့်ဟာနဲ့ ကိုယ်တော့ဟုတ်နေတာပဲ)။ လူတိုင်းက မိမိတို့ရဲ့ ခံစားခွင့်၊ လွတ်လပ်ခွင့်တွေကို အသလွတ်ဖြုံးတီးပြစ်နေမယ့်အစား ပိုစ့်ကောင်းတွေထွက်လို့ ဘလောဂ့်လောကတိုးတက်ဖို့(ရူးတာ) ကျွန်ုပ်.. ကရုဏာဒေါသောနဲ့ ပြောနေမိတာတော့ တချို့နားလည်မည်ဟု ထင်မြင်မိသည်။

ထိုသို့သော အတွေးများဖြင့် မိမိတစ်ဦးတည်း မှိန်းမောနေခိုက်....
“ဆရာ.. ဆရာ” ဟု ခေါ်သံကြောင့် လှည့်ကြည့်မိသည်။ သာဂိမှာ ကျွန်ုပ်ဘေးတွင် ရပ်လျှက်ရှိနေသေးသည်။  
“ဘာတုန်း.. မောင်ရင်”
“ကျွန်တော်လည်း ဘလောဂ့်တစ်ခုလုပ်ပြီး ဝေဖန်ရေးလုပ်မယ် ကြံနေတာ။ အဲဒါ ဆရာဆီက ဘလော့ဂ်လုပ်နည်း သိချင်လို့”
(((ဟေ))) ဟု တစ်ခွန်းသာ ပြန်ပြောနိုင်တော့သည်။

အမှန်စစ်စစ် သာဂိမိန်းမသည်လည်း ဘလောဂ့်ရေးနေသည်မှာ နှစ်ပေါက်နေချေပြီ။ ဘလောဂ့်လုပ်နည်းနဲ့ ပက်သက်လို့ မေးချင်းမေး သူ့မိန်းမကိုတောင် ကိုယ်ကပြန်မေး ရအုံးမည်။ ဒါနဲ့ “မင်းမိန်းမ ဘာလို့ပြန်မမေးတာလဲကွ” လို့မေးတော့.. သူက ကျွန်ုပ်အား စီကာပတ်ကုံးရှင်းပြလေတော့သည်။ သာဂိစကားပြောပုံ ဆိုပေါက်မှာ ဘောက်ဆတ်ဆတ် နိုင်လှသဖြင့် စာဖတ်သူတို့ နားဝင်စေရန် ကျွန်ုပ်မှ စကားပြေဖြင့် ပြန်လည်ရှင်းပြ လိုက်သည်။(အံမယ်.. ဟိုစာရေးဆရာကြီးစတိုင်လ်ဖမ်းတာ နိပ်သဟ)

ယခုလို ရုံးပိတ်ရက်များတွင် သာဂိမိန်းမသည် သူ့ဘလောဂ့်ကိစ္စ၀ိစ္စတွေနဲ့ မအားလပ်ချေ။ မကြာခဏ မိတ်ဆုံစားပွဲလုပ်လိုက်၊ အိမ်လည်သွားလိုက်နှင့်  စာရေးတာကတော်တော် လူစုပြီးတရုံးရုံးလုပ်နေသည့် အချိန်ကများသည်။ ပိုဆိုးသည်က ဘလွတ်ဂါများစုံပြီဆိုလျှင် စာပေအကြောင်း ဆွေးနွေးသည်ထက် ပေါက်ပန်းလေးဆယ် ပြောဆို၍ ဟီးဟီး ဟားဟား လုပ်နေကြသည်။ ထို့ကြောင် အေးအေးနေတတ်သော သာဂိသည် ရုံးပိတ်ရက်တွင် ကျွန်ုပ်၏အိမ်၌ သူဖတ်ချင်ရာစာအုပ်ယူဖတ်ခါ ဇိမ်ခံလေ့ရှိသည်။ ရုံးတွင်တော့ သူက တောက်တိုမယ်ရပေါ့။ သားသမီးမရသေး၍သာ တော်တော့သည်။ နို့မို့ သာဂိမိန်းမအချိုးနဲ့ မလွယ်ရေးချ မလွယ်။

အဆိုးဆုံး သာဂိသည်းမခံနိုင်သည်က လင်ရေးမယားရေး ဆက်ဆံရေးပင်။
ထိုဆက်ဆံရေးပင် အထိခိုက်ခံကာ ညည ဘလွတ်ဂါတွေနဲ့ ဂျီတော့မှာ chatရတာ သန်းခေါင်ကျော်အထိကိုး။ တစ်ည သူတို့ဘာတွေများ ပြောဆိုနေကြသနည်းဟု သာဂိအကဲခတ်ကြည့်သောအခါ...

“ဟဲ့... ကောင်မရေ.. ငါ့ကိုတော့ ဟိုဘလောဂ့်က စောင်းမြောင်းရေးတယ်တော့”
“ဟင်.. ဟုတ်လား.. ဘယ်ဘလောဂ့်လဲ”
“သူတော် ဆိုတဲ့ဘလောဂ့်လေ”
“ဟေ.. ဟုတ်လား ငါကြားတယ်အေ့”
“အေးဟယ်.. ငါဒင်းကို စိစိညက်ညက်ချေပြစ်ချင်တာ”
“မလုပ်နဲ့ ကောင်မရဲ့ အထာနဲ့သဘောထားကြီးသလိုနေစမ်းဘာ”
...................................................................
“မမရေ... ကျွန်မကို သူတော်ဆိုတဲ့ဘလောဂ့်က ဖဲ့နေလို့..”
“ဟယ်.. တို့ဘာသာပျော်နေကြတာကို ဒင်းက အဟင့်”
“စာနဲ့ရိုက်ပြောရတာ အားမရဘူး မမရယ်.. call လိုက်မယ်နော်”

“အဲဒါ.. +%##*@...”
....................................................................
“မောင်လေးရေ.. မမကိုလေ.. သူတော်ဆိုတဲ့ ဘလောဂ့်က ဆော်နေတယ်တော့”
“ဟင် ဟုတ်လား မမ.. ဘယ်မလဲ အဲဒီကောင်”
“ရော့.. အင့် http://kothudaw.blogspot.com အဲဒီမှာ ဖတ်သာကြည့်တော့”
“ဟ.. သူက အမတစ်ယောက်တည်းကို စောင်းရေးတာ မဟုတ်ဖူးဗျ အကုန်ပတ် မွှေထားတာပဲ”
“တောက်.. ဒီဘဲကွာ”
“~@!*&+%**.... ##$*!!”

သာဂိမျက်လုံးတွေပြူးပြီး ဒေါသတွေအလိပ်လိုက် ထွက်ခဲ့ရသည်။ သူ၏မိန်းမမှာ ဘလောဂ့်ရေးပြီး ဂျီတော့မှာ စာအကြောင်းပေအကြောင်းတွေ ဆွေးနွေးနေသည်ထင်လို့ အထင်ကြီးခဲ့တာကိုး။ အခုတော့ ဒင်းက အရည်မရအဖတ်မရ ရေးရုံမက ဂျီတော့မှာပါ ရပ်ကွက်ထဲက သောက်တင်းပြောသလို အင်တာနက်ကြီးအားကိုးနဲ့ အားပါးတရပြောနေ လိုက်ပုံများ။ “ကဲ.. ဒီလောက်တောင်ဖြစ်လှတဲ့ မိန်းမ” ဆိုပြီး နေရာတင် “တဘုန်း..ဘုန်း” နဲ့မြည်အောင် သုံးလေးချက်ဆင့်ကန်လိုက်တော့ “အမငှီး.. ကိုကိုရဲ့ ဘလောဂ့်ရေးတာ အပြစ်လာလို့.. ဟင့် ဟင့်” ဆိုပြီး ငိုလို့တက်သွားတယ်။ ဒါနဲ့ သာဂိလည်း သူ့ရဲ့ချစ်မယားလေးကို မနည်းပြန်ပြီး နှာနှပ်ယူလိုက်ရတယ်တဲ့ ကွယ်ရို့။

ကဲ... ဘယ်နှယ့်ရှိစ ဘလောဂ့်အပေါင်းတို့။ ဘလောဂ့်ဂါ အတော်များများရဲ့ အလားတူ ဖြစ်ရပ်ပေါင်းများစွာကို ထောက်ရှုလို့ သူတော်ဘလောဂ့်ရေးပြီး အပျင်းပြေလက်ကညော့တာ လွန်သလားဗျာ...ဟား ဟား။

တိုက်ဆိုင်မှုရှိက လွတ်လပ်စွာစိတ်ဆိုးနိုင်သည်။
သူတော်

Tuesday, November 24, 2009

ကမ္ဘာသစ် VS ဘုရားသခင်

ကလေးတို့ရေ...
ဟိုးရှေးရှေးတုန်းကပေါ့ကွယ်။ ဘဒ္ဒကမ္ဘာက လူသားတွေဟာ အချိန်ရှိတိုင်း အဖေ့ဘုတ် ကြီးမှာပဲ ပျော်မွေ့နေကြတယ်တဲ့။ အဲဒါကို ဘုရားသခင်က lesson ပေးချင်တော့ 2012 ရုပ်ရှင်ရိုက်ပြီး ချိန်းခြောက်သတဲ့။ ဒါပေမယ့် လူတွေကမရပါဘူး။ အာဗင်ကြီးပါကွာဆိုပြီး ဘုရားသခင်ရဲ့သတိပေးမှုကို respect မထားပဲ အဖေ့ဘုတ်ကြီးမှာပဲ တွယ်ကပ်နေ ကြတယ်တဲ့။ ဒါနဲ့ ဘုရားသခင်လည်းတင်းလာပြီး ဒီကမ္ဘာကိုဖျက်ပြီး နောက်ထပ်ကမ္ဘာသစ် တည်ဆောက်ဖို့ တိတ်တဆိတ် ပြင်ဆင်တော့တာပေါ့ကွယ်။

ဘုရားသခင်က နောက်ထပ်ကမ္ဘာအသစ်ဖန်ဆင်းရာမှာ အရင်နည်းအတိုင်း ကောင်းကင်နဲ့ မြေကြီးကိုအရင်ဖန်ဆင်းလိုက်တယ်။ ပြီးတော့ အလင်းဖြစ်စေဆိုပြီး အလင်းကိုလည်း ဖန်ဆင်းသတဲ့။ အလင်းက ရေလည်ဂွတ်တာ သိရတော့ သူနဲ့ဆန့်ကျင်ဖက် အမှောင်ကို လည်း ဖန်ဆင်းလိုက်သတဲ့။ ကုန်းကို မြေဟူသော အမည်ပေးတယ်။ နောက်.. ရေစုဝေးတဲ့နေရာကို ပင်လယ် စသဖြင့် အရင်ကုလားဖြူဘုတ်အုပ်ထဲကနည်းအတိုင်း ထာဝရဘုရားက အမည်ပေးလိုက်သတဲ့။ ဒီ့နောက် သီးပင်းစားပင်တွေ၊ တိရိစ္ဆာန်မျိုး စိတ်တွေကို တစ်ခုပြီးတစ်ခု ဖန်ဆင်းသတဲ့။

ဒီလိုနဲ့ တစ်ပတ်လောက်ကြာတော့ တော်တော်လေးစုံသွားလို့ ဘုရားသခင်လည်း အာသာပြေလို့ငြိမ်သွားတာပေါ့။ ဘဒ္ဒကမ္ဘာကလူတွေကို တင်းလို့သာ ကမ္ဘာသစ်လုပ်ရတာ အတော်လေး ပင်ပန်းရှာသတဲ့။ နောက်ဆုံး ဖန်ဆင်းစရာ လူပဲကျန်တော့တယ်။ ဒါနဲ့ ထုံးစံအတိုင်း မြေမှုန်ကနေ ဘုရားသခင်နဲ့ အဆင်းတူတဲ့ဒီဇိုင်းနဲ့ လူကိုဖန်ဆင်းလိုက်တယ်။ ပြီးတော့ သူ့ကို အာဒံလို့ အမည်ပေးတာပေါ့။ အဲဒီမှာ ပြဿနာက စတယ်ပေါ့ကွယ်။ အဲဒီ ဘုရားသခင်ဖန်ဆင်းတဲ့လူက သူ့ကို.. ဒီလိုပြန်ပြောသတဲ့...
“အို.. ဖန်ဆင်းရှင်”
“ကျွန်တော်မျိုးကြီးအား အရင်ကမ္ဘာတုန်းကလို အာဒံဆိုတဲ့ ခပ်တုံးတုံးနာမည်ကြီး မပေးပါနဲ့ ဘုရား.. ဘဒ္ဒကမ္ဘာမှ ယခုနာမည်ကြီးနေတဲ့ ဆန်ဈာဏီဗိုဆိုတဲ့ ဝေဒက၀ိကြီးဆီမှာ နာမည်သွားတောင်းပေးပါ ဘုရား” လို့ သနားသဖြင့် တောင်းဆိုသတဲ့။ အဲဒီမှာ ဘုရားသခင်က...
“ဟယ်... မဖြစ်ချေဘူးကွယ့်”
“ဒင်းဆီ ငါ နာမည်သွားတောင်းရင် အဲဒီကမ္ဘာမှာငါ့အား လေးစားနေကြတဲ့ လူတွေကို ဘယ်နှယ့် မျက်နှာပြရမလဲ”
ထိုအခါ လူယောင်္ကျားက...
“အရှင်”...
“အသို့ဆိုလျှင် ကျွန်တော်မျိုးကိုသာ လမ်းစရိတ်နဲ့ ဘီယာဖိုးသာပေးပါ.. ကိုယ်ဘာသာ သွားတောင်းပါ့မယ်” ဟု ဆိုလတ်သောအခါ။ ဘုရားသခင်ပင် “Oh.. God” ဟု သူ့ကိုယ်သူ ပြန်တရသည့် အဖြစ်ရောက်တော့တယ်။ ဒါနဲ့ ဘုရားသခင်လည်း တားမရမှန်းသိတော့...
“ဒါဆို ဒီလိုလုပ်ကြရအောင်”
“မောင်မင်းကို ငါအခုပဲ နာမည်အသစ်ပေးမယ်.. မောင်မင်းလည်း စိတ်ကြိုက်ဖြစ်မှ ယူပေါ့ကွယ်”
ထိုအခါ လူယောင်္ကျားက ဘုရားသခင်အား လက်ညှိုးနှင့် လက်မကိုဝိုင်းပြလျက် “အိုကေ” ဟုဆိုကာ မျက်စိမှိတ်ပြလိုက်တယ်။

ဘုရားသခင်လည်း “ငါ ဘဒ္ဒကမ္ဘာကလူတွေကို မကြည်လို့သာ ဒီဖက်မှာ ကမ္ဘာသစ်နဲ့ လူကို စဖန်ဆင်းမိတယ်” “မှားပြီးလား မသိ” ဟုတွေးမိလေသည်။ ဒါပေမယ့် ငါဖန်ဆင်းရှင်ပဲလေဆိုပြီး အားတင်းရှာသတဲ့ကွယ်။ ဒီလိုနဲ့ ဘုရားသခင်လည်း လူယောင်္ကျားအား နေ့သင့်နံသင့် ဖြစ်အောင်ဆိုပြီး သာဂိဆိုပြီး နာမည်ပေးသတဲ့။ ဒါကို လူယောင်္ကျားက ဘိုဆန်မှကြိုက်တယ်ဟု ဆိုလာသဖြင့် Robertသာဂိဆိုပြီး ခရစ်ယာန်နာမည်ပြောင်းပေးရတယ်တဲ့။

နာမည်ကိစ္စအိုကေသွားတော့ ဇာတ်လမ်းကမပြီးသေးဘူး Robertသာဂိက ဘုရားသခင် ဆီမှာ နေ့တိုင်းဘီယာဖိုးတောင်းပြီး ဘဒ္ဒကမ္ဘာမှာ ရှိသမျှဘီယာဆိုင်တွေ အကုန်လျှောက် သွားနေသတဲ့။ ပထမတော့ ဘုရားသခင်က လူသားတွေကို မေတ္တာထားတယ်ဆိုတော့ လွှတ်ပေးထားတာပေါ့။ တစ်ရက်လည်းကြရော Robertသာဂိက Night Club တစ်ခုမှာ ဖိုးလပြည့်နဲ့ငြိပြီး ထိုးကြကျိတ်ကြသတဲ့။ ဒါကို ဘုရားသခင်လည်း သိရော မဖြစ်ချေဖူး။ သာဂိကို ကမ္ဘာသစ်မှာခြေငြိမ်အောင် တစ်ခုခုစီစဉ်မှ ဖြစ်တော့ မယ်ဆိုပြီး.. လူမိန်းမကို ဖန်ဆင်းဖို့ ဆုံးဖြတ်လိုက်သတဲ့...

ဒီတော့ အရင်ကုလားဖြူဘုတ်အုပ်ထဲကအတိုင်း အာဒံရဲ့နံရိုးနဲ့ လူမိန်းမဖန်ဆင်းသလို Robert သာဂိဆီကနံရိုးထုတ်ပြီး ဖန်ဆင်းဖို့ ကြံတာပေါ့။ ဒါပေမယ့် Robertသာဂိကြတော့ ဘုရားသခင်အနေနဲ့ နံရိုးထုတ်ရတာ အရမ်းလွယ်တယ်။ အရင်အာဒံတုန်းကလို တကူးတက အိပ်မောကျအောင်လုပ်စရာမလိုဘူး။ Robert သာဂိကို ဘီယာမတိုက်ပဲ ဘလက်လေဘယ် နှစ်လုံးလောက်တိုက်ချထည့်လိုက်တယ်။ အမူးလွန်နေတော့မှ နံရိုးထုတ်ပြီး လူမိန်းမကို ဖန်ဆင်းလိုက်သတဲ့။

Robert သာဂိလည်း အမူးပြေပြီး ထလာတော့ ဘုရားသခင်ဖန်ဆင်းထားတဲ့ လူမိန်းမကိုမြင်တယ်။ ပြီးတော့ ဟိုကိုင်ဒီကိုင်လုပ်ပြီး အထူးအဆန်းဖြစ်နေသတဲ့။ “သူ့နာမည် ဘယ်သူလဲ” ဟု ဘုရားသခင်ကိုမေးလျက် မျက်နှာက မချိုမချဉ်ဖြစ်လို့ နေတာပေါ့။ ဘုရားသခင်က “သူနာမည်ကို မင်းလိုပဲ ဘိုဆန်အောင် Maria ထွေးညိုလို့ ပေးထားတယ်။ မောင်မင်းသဘောကျရဲ့လားကွယ့်” ဟု ပြောတယ်။ ထိုအခါ Robertသာဂိလည်း ခေါင်းကိုတွင်တွင်ညိတ်လျှက် နာမည်ကို အထပ်ထပ်ရွတ်လို့ နေတယ်..
“Maria ထွေးညို”...
“Maria ထွေးညို”....
“Maria ထွေးညို”.....

ထို့နောက် ဘုရားသခင်က သူတို့ကိုထားဖို့ အေဒင်ဆိုတဲ့ ဥယျာဉ်ကြီးနဲ့ နာမည်ခပ်ဆင်ဆင် ဘီဒင်ဆိုတဲ့ ဥယျာဉ်ကြီးကို ဖန်ဆင်းပြီး သူတို့နှစ်ယောက်ကို ထည့်ထားလိုက်သတဲ့။ ဒါမှ သာဂိခြေငြိမ်မှာကိုး။ အဲဒီဥယျာဉ်ကြီးထဲမှာလည်း ကောင်းမကောင်း သိကျွမ်းရာအပင်ဆိုတဲ့ အပင်ကြီးကို ဘုရားသခင်က မြေပဒေသာကျွန်းကယူပြီး စိုက်ထားသတဲ့။ Robert သာဂိနဲ့ Maria ထွေးညိုတို့ကိုလည်း အဲဒီအပင်က အသီးကိုမစားဖို့ စားရင်သေမယ်လို့ မှာခဲ့တာပေါ့ကွယ်။ သာဂိနဲ့ထွေးညိုက “ဟုတ်ကဲ့ပါ အာစရိ” ဟုပြောရင်း တစ်ယောက်နဲ့ တစ်ယောက် အထူးအဆန်းဖြစ်ပြီ့း လေ့လာနေဆဲပေါ့လေ။

တစ်ရက်မှာတော့ ဘီဒင်ဥယျာဉ်ကြီးထဲ စာတန်ဆိုတဲ့ နတ်ဆိုးက မြွေယောင်ဖန်ဆင်းပြီး ၀င်လာတယ်။ ပြီးတော့ သာဂိနဲ့ ထွေးညိုကို အဲဒီအသီးစားရင် ဘုရားသခင်လိုပဲ ဟိုဟာဖန်ဆင်းလိုက် ဒီဟာဖန်ဆင်းလိုက် လုပ်လို့ရတယ်ဟု ဖြားယောင်းသတဲ့။ ပထမတော့ Robert သာဂိနဲ့ Maria ထွေးညိုတို့က အင်တင်တင်ပေါ့။ “ဟုတ်ရို့ရား.. ဟုတ်ဖဲနဲ့.. လာပွားမနေပါနဲ့ဟယ်” လို့ ဟိုဘလောဂ့်ဂါမမပြောသလို မပီကလာပီကလာနဲ့ ထွေးညိုက ပြောသတဲ့။

ဒါနဲ့ မြွေယောင်ဆောင်ထားတဲ့စာတန်က “ဘဒ္ဒကမ္ဘာကစော်လေးတွေလို စကတ်တိုလေး တွေ စွပ်ကျယ်ဂျိုင်းပြတ်တွေဝတ်ပြီး မလန်းချင်ဘူးလား။ လန်းချင်ရင် အဲဒီအသီးကို စားရတယ်ဟဲ့” လို့ ပြောတော့ ထွေညိုစဉ်းစားသွားတယ်။ နောက် မြွေက သာဂိဖက်လှည့်ပြီး “အဲဒီအသီးစားရင် မင်းလည်းဘဒ္ဒကမ္ဘာသွားပြီး ကလပ်တက်ရန်ဖြစ်စရာ မလိုတော့ဘူး.. ဒီကမ္ဘာမှာတင် လူတွေအများကြီးနဲ့ ကလပ်တွေ ဘီယာဆိုင်တွေ ဖြစ်လာရင် မကောင်းဘူးလား” လို့ မေးသတဲ့။ ဒီတော့ သာဂိလည်း တွေဝေသွားတာပေါ့။ ဒါပေမယ့် သာဂိစိတ်ထဲမှာတော့ “အတိုင်းထက် အလွန်ပဲ” ဆိုတဲ့ သီချင်းကိုအော်ဆို နေပြီ...။

သာဂိနဲ့ ထွေးညိုတွေဝေနေတာ သိတော့ မြွေကဒီလိုပြောတယ်.. “မင်းတို့တွေရဲ့ အတွေးအကြံတွေ၊ အနာဂတ်တွေကို ဘုရားသခင်က စီစဉ်ပြီးသားပါ။ ကြောက်မနေနဲ့ သူလုပ်တဲ့ပြဿနာ သူရှင်းပေးလိ့မ်မယ်.. အရာအားလုံးဟာ သူ့အလိုတော်ပဲ စားသာစား” ဆိုပြီး အသီးတစ်လုံးခူးပေးပြီး Mariaထွေးညိုလက်ထဲကို ပြစ်ပေးလိုက်သတဲ့။ နဂိုတည်းက ထွေးညိုက ကဲချင်ချင်ဆိုတော့.. ကြာသလားလို့ဆိုပြီး.... အသီးကိုစားလိုက်သတဲ့။ ပြီးတော့ Robert သာဂိကိုလည်း ကျွေးတယ်။ သူတို့စားပြီးတဲ့ အခါမှာတော့... “အချစ်ဆိုသည်မှာ.. အံ့သြမှုများနဲ့ ဆန်းကြယ်သောအရာ” ဆိုတဲ့သီချင်းကို နှစ်ယောက်အသံဗြဲကြီးနဲ့ ဆိုကြလေတော့သတဲ့...။

ဒီလိုလုပ်လိုက်ကြတာကို ဘုရားသခင်သိတော့....
“ဟယ်.. ငမိုက်သားတွေ ငါပြောထားလျှက်နဲ့ ဒီအသီးကို စားကြတယ်”
“မင့်တို့ကို ငါကိုယ်တော် အပြစ်ပေးမယ်ဟု” မေတ္တာဗလပွဖြင့် ကုလားဖြူဘုတ်အုပ် ထဲကအတိုင်း ကျိန်တော်မူတယ်။
ထိုအခါ... Mariaထွေးညိုက...
“အို.. အရှင်”
“ထိုသို့တော့ ဂဂျီဂကြောင် မပြုပါနဲ့ အရှင်.. ဒီအပင်ကိုတကူးတက မြေပဒေသာကျွန်းက ယူစိုက်တာ ဘယ်သူလဲအရှင်”
Maria ထွေးညိုက ဤသို့ မေးလာသောအခါ ဘုရားသခင်လည်း အကျပ်ရိုက်သွားသတဲ့။ “ကမ္ဘာသစ်က လူတွေက ကွန်ပလိန်းအရမ်းတက်လှပါလား” ဆိုပြီး နောင်တရတော်မူသတဲ့။

ဒါပေမယ့် ဘုရားသခင်က သူမဟုတ်သလို အထာနဲ့ပြန်နေပြီး။ “အို.. ဒါ ဘယ်သူစိုက်စိုက်.. မစားနဲ့ဆို မစားနဲ့ပေါ့” ဟု ငိုမလို ရီမလို ကလေးဆိုးကြီးသဖွယ် ပြောတယ်တဲ့။ ဒီတော့ Robert သာဂိနဲ့ Maria ထွေးညိုလည်း ဘုရားသခင် စိတ်ဆိုးရင် ပိုဆိုးမှာ စိုးတာကြောင့် ဘဒ္ဒကမ္ဘာက ကုလားဖြူဘုတ်အုပ်ထဲကအတိုင်း အပြစ်တွေကို ခံယူလိုက်ရသတဲ့။ နို့မို့ သာဂိနဲ့ ထွေးညိုရဲ့ လက်ရှိဆက်ဆံရေး ပျက်ပြားကုန်မှာပေါ့...။

သာဂိနဲ့ ထွေးညို အပြစ်တွေကို ကျေကျေနပ်နပ်ကြီး ခံယူတော့ ဘုရားသခင်က ၀မ်းမြောက်တော်မူသတဲ့။ တကယ်တမ်း ထွေးညိုနဲ့ သာဂိစိတ်ထဲမှာတော့ “ဟင့်.. အာပလာကောင်ကြီး သူပဲဂွင်ဆင်ပြီး ငါတို့ကို ကူလီကူမာလုပ်တယ်” ဆိုပြီး တင်းနေသတဲ့။ အဲဒီအချိန်မှာ သာဂိခေါင်းထဲ ဖျတ်ခနဲ အကြံတစ်ခုရသတဲ့... ။

အဲဒီအကြံအတိုင်း ဘုရားသခင်ကို တောင်းဆိုလိုက်ရင် ဘုရားသခင်သူတို့ကို ရှိန်သွားနိုင်တယ်ဆိုပြီး Mariaထွေးညိုကို လှမ်းပြီး တိုးတိုးတိုင်ပင်လိုက်တယ်။ အဲလို တိုင်ပင်လိုက်တော့ ထွေးညိုကလည်း သိပ်သဘောကျသွားတယ်..။ ဘုရားသခင်က သူတို့နှစ်ယောက် တိုးတိုး တိုးတိုးလုပ်နေတာကို မြင်တော့.. “ဟေ့.. ဘာတုန်းဟေ့” ဆိုပြီး လှမ်းမေးသတဲ့။ ဒီတော့ သာဂိက ဘုရားသခင်ရဲ့ မျက်နှာကို စေ့စေ့ကြည့်ပြီး..
“ကျွန်တော်မျိုးတစ်ခု တောင်းဆိုပါရစေ.. အရှင့်အနေနဲ့ တောင်းဆိုချက်ကို လက်သင့်မခံဖူးဆိုရင် နောင်လည်း ကျွန်တော်မျိုးတို့ ကွန်ပလိန်းအများကြီး တက်ဖို့ အစီအစဉ်ဆွဲရပါလိမ့်မယ်”

ထိုအခါ ဘုရားသခင်က..
“အေး.. လိုအပ်တာကို တောင်းဆိုနိုင်တယ်.. ငါ့နေရာလုတာကလွဲလို့ပေါ့”
သာဂိက ခေါင်းညိတ်လျှက် ထွေးညိုကို လှမ်းကြည့်လိုက်တယ်.. ပြီးတော့ ထွေးညိုက ပြောဖို့ အချက်ပြလိုက်တဲ့အခါ...
“ကျွန်တော်မျိုးကြီးတို့အား ဘလောဂ့်ရေးခွင့်ပြုပါ အရှင်”
“ဒါမှ ဘဒ္ဒကမ္ဘာက မြန်မာဘလွတ်ဂါတွေလို ဒီနေ့ ဘာဟင်းနဲ့ချက်စားပြီး ဘယ်ဈေးမှာ ဘာသွားဝယ်လိုက်တာတို့၊ ကိုကိုရေ မောင်မောင်ရေဆိုပြီး အာသဝေါပိုစ့်တွေတင်လို့ ဟိုဟိုဒီဒီရေးလို့ရမှာပါ”

ထိုအခါ.. ထွေးညိုကလည်း..
“ဟုတ်ပါတယ် သခင်.. ကျွန်တော်မျိုးမလည်း သခင်ပေးတဲ့ ဆွေစဉ်မျိုးဆက် အပြစ်ကြီးကို ခံယူဖို့ အသင့်ပါပဲ။ ဒါပေမယ့် အဲဒီဘလွတ်ဂါတော့ ဖြစ်ခွင့်ပြုပါနော်”
“အခု ဘဒ္ဒကမ္ဘာမှာ နာမည်ကြီးနေတဲ့ ဘလွတ်ဂါ မမတွေကို သိပ်ကိုအားကျလို့ပါ.. သူတို့ About me မှာရေးထားသလို အကျိုးပြုစာမရေးတတ်တဲ့ သာမာန်မိန်းကလေး တစ်ယောက်ပါ ဘာညာလည်း အာဖျံကွီးပြီး ဘုတ်ထုတ်ထားမှာပါ။ အာမခံလို့ရတာကတော့ လင်စိတ်သားစိတ် သေချာပေါက် ဖြစ်သွားမှာပါအရှင်”
“နောက်တစ်ခု အာမခံပါရစေ.. ကျွန်တော်မျိုးမတို့ ဘလောဂ့်ရေးရင် ဂျော်တကီးဘလောဂ့်တွေရဲ့ Follower မလုပ်ပါဖူးလို့ လက်မှတ်ထိုးပေးပါမယ်”
“သနားသဖြင့် ဘလောဂ့်ရေးခွင့်ပြုတော်မူပါ ဘုရားသခင်”..“သခင့်ရဲ့ ကျေးဇူးတော်ကို သခင်မဟုတ်မဟတ်တွေ လုပ်ရင်တောင် အမြဲအောက်မေ့ချီးမွမ်းနေပါ့မယ်”

ထိုအခါ ဘုရားသခင်သည် Robert သာဂိနဲ့ Maria ထွေးညိုကို မျက်လုံးကြီး ပြူးလျက်ကြည့်ပြီး...
((((ဘာ))))
((((ဘာ.. ပြော... ဒယ်))))
ဘ.. ဘ..လောဂ့် ရေးချင်ကြတယ်...လား...
ဘုရားသခင်က နာနာကျည်းကျည်း ငိုသံပါကြီးနဲ့ ပြောပြီးတော့...
“ကဲ.. ဒီလိုဆိုရင်တော့ ဒီကမ္ဘာသစ်ကို ငါကိုယ်တိုင်ပဲ အခုဖျက်ပြီဟေ့...” ဆိုပြီး 2012ရုပ်ရှင်ထဲကလို အကုန်ဖျက်ဆီးပြစ်လိုက်သတဲ့ကွယ်။
ပုံပြင်လေးကတော့ ဒါပါပဲ...။

တိုက်ဆိုင်မှုရှိက လွတ်လပ်စွာစိတ်ဆိုးနိုင်သည်။
သူတော်

Thursday, November 19, 2009

Outset of Thu Daw

ကျုပ်ကတော့ စာဖတ်သူတွေအတွက် စေတနာထားပြီး ဘာဘာညာညာစာတွေ ရေးဖို့ အစီအစဉ်မရှိဘူး။ မြန်မာစာလုံးဖြင့်ရေးသော အင်တာနက်ပေါ်က အမှိုက်စာမျက်နှာတွေကို သတိပေးချင်လို့ စာဖတ်သူဘ၀ကနေ account လုပ်ပြီးရေးပါတယ်။ အထူးသဖြင့် ဘလောဂ့်ဂါဖြစ်ချင်လို့ စာရေးတဲ့ဘလောဂ့်တွေကိုပဲ ရည်ရွယ်သွားမှာပါ။ စာရေးချင်လို့ ဘလောဂ့်လုပ်သူတွေကိုတော့ မရည်ရွယ်ပါဘူး။ အဟက်... ပြောတာသိပ်မရှင်းဖူး ထင်တယ်။ ဘလောဂ့်ဂါဖြစ်ချင်လို့ စာရေးသူဆိုတာ ဒီလိုဗျ...

အဲဒီလို လူတန်းစားက စာပေကိုချစ်မြတ်နိုးလို့ မဟုတ်ဘူး။ အားလပ်ချိန်မှာ အချိန်ဖြုန်းပြီး အင်တာနက်မှာ အပေါင်းအသင်းရှာခြင်းနဲ့ ဒိုင်ယာရီလိုလို ရည်စားစာလိုလိုတွေ ရေးခြင်းသက်သက်ပဲ။ သူတို့ဘလောဂ့်မှာ စာကောင်းပေကောင်းတွေရှိရေးက သိပ်မလိုဘူး။ ခင်ရာမင်ရာဘလောဂ့်တွေရဲ့ comment တို့ cbox တို့မှာ အရည်မရအဖတ်မရတွေ လျှောက်ရေးခြင်း။ ပတ်ချွဲနှပ်ချွဲတွေရေးခြင်း။ မပီကလာ ပီကလာတွေရေးခြင်း။ မကြာခဏ မိတ်ဆုံစားပွဲများလုပ်ခြင်း။ ဒါတွေက သူတို့အလုပ်ပေါ့။ အဲ..တချို့ဆိုရင် ဇာတ်လမ်းတွေ ဘာတွေတောင် ဖြစ်ကုန်တယ်။ (မရှိဖူးမငြင်းနဲ့ ဘလောဂ့်လောကမှာ ဒုနဲ့ဒေး)။

တချို့ဆို အသက်ကဖြင့်ဖင်ဆောင့်နေပြီ သူ့ကိုသူ စကားကိုမပီသလိုကြံဖန်ရေးပြီး စာဖတ်သူ သောက်မြင်ကပ်အောင် လုပ်တဲ့ဘလောဂ့်ကရှိသေးတယ်။ အမှန်ဆို အသက်အရွယ်ပေါ်မူတည်ပြီး ကိုယ်ရေးတဲ့စာရော ကိုယ့်ကိုကိုယ်ပါ ဆင်ခြင်သင့်တယ်။ တချို့ဘလောဂ့်ဂါ မမကြီးတွေကလည်း ရီရသဗျာ။ သူတို့ရေးတဲ့စာက ဘာအဆင့်ရှိ သလဲတော့မသိဘူး သူများဘလောဂ့်မှာ ကွန့်မန့်ပေးတဲ့ ရေးချက်တွေကတော့ တကယ့်ဆရာကြီးအထာတွေနဲ့။ အဲ.. ခင်ဦးမေတို့ဘာတို့တော့ မပါဘူးနော်(သူက လက်မှတ်ရသွားပြီ)။ ရေးချင်တာရေးပစေဆိုပြီး ဘလောဂ့်လောကကြီးတစ်ခုလုံး ဆလံသ ထားပုံရတယ်။ တော်တယ်လို့ ဆိုရမလားပဲ ဟား ဟား။

ပြီးခဲ့တဲ့ တလောက ကမ္ဘာပျက်ပို့စ်တွေ ဘလောဂ့်တိုင်းမှာလိုလို မြင်ရတယ်။ အဲ.. ကွန့်မန့်တွေမှာလည်း မြင်မိတာ ပဋိပက္ခတွေရောပေါ့လေ။ ဒီလောက်အခြေအတင် ဖြစ်ရအောင် ပွဲကြမ်းနေတဲ့ ဘလောဂ့်ရေးသူတွေကရော ဘာကောင်တွေလဲဆိုပြီး သူတို့ဘလောဂ့်တွေ လိုက်လည်ဖတ်ကြည့်မိတယ်။ တချို့ကတော့ စာပေမြတ်နိုးသူ၊ တချို့ကတော့ အခုနပြောသလို ဘလောဂ့်ဂါဖြစ်ချင်လို့ စာထရေးသူတွေပါတာပေါ့။ ပြာယာအခတ်ဆုံး ဂယက်ရိုက်သူတွေကတော့ အဲဒီဘလောဂ့်ဂါဖြစ်ချင်လို့ စာရေးတဲ့ သူတွေပဲ။ ကိုလူထွေးရဲ့ သာယာကုန်းပိုစ့်ထွက်လာတော့မှ နည်းနည်းဘရိတ်အုပ် သွားကြပုံရတယ်။

အဲဒီလိုဖြစ်တော့ အရင်ဆုံးဖျာခင်းကြတဲ့လူတွေလည်း တွေ့ရသဗျာ။ စာပေချစ်တဲ့ ဘလောဂ့်ဂါတွေနဲ့ ဘလောဂ့်ရူးတွေ ချစ်ကြည်ရေးရဖို့ ငြိမ်းချမ်းရေးပိုစ့်တွေ ရေးသလိုလိုနဲ့ ကွန့်မန့်တက်အောင် အားထုတ်ကြတာပေါ့။ ဘလောဂ့်လောက ငြိမ်းချမ်းရေးထက် အတိုက်အခံဖြစ်နေတဲ့ ဘလောဂ့်တွေ ကွန့်မန့်တွေမှာလာဆုံပြီး ၀ုန်းဒိုင်းကျဲစေချင်တာ၊ ပွဲဆူစေချင်တာ။ သူတို့ကိုယ်သူတို့တော့ သမာသမတ်ကျတဲ့ ဘလောဂ့်ဂါကြီးတွေပေါ့လေ အဟက်..။ တချို့ကတော့ တကယ်ကိုငြိမ်းငြိမ်းချမ်းချမ်း ဖြစ်စေချင်တဲ့ စေတနာနဲ့ ရေးတယ်ပေါ့လေ။ တကယ်စာပဲရေးချင်သူကတော့ ဘလောဂ့်လောကကြီးပျက်ရုံမကလို့ ကမ္ဘာကြီးပါပျက်သွားပစေ.. ထကိုမကြည့်ကြဖူးဗျာ။ သူတို့စာပဲ သူတို့မှန်မှန်ရေးနေတယ်။ ငြိမ်းချမ်းလိုက်ပုံများ..။

ကမ္ဘာပျက်ပိုစ့်ရဲ့ ဖြစ်ရပ်အပေါ် ကျုပ်မြင်မိတာက ဒီလိုဗျ။ ညအချိန်မတော် မီးပျက်နေတဲ့ ဆင်ခြေဖုံးရပ်ကွက်တစ်ခုထဲ ခေတ်ဆန်ဆန်နေတတ်တဲ့ မိန်းမတစ်ယောက် စကတ်တို လေးနဲ့ စွပ်ကျယ်ဂျိုင်းပြတ်ဝတ်ပြီး လမ်းလျှောက်ထွက်တုန်း မုန်ယိုနေတဲ့ လူမိုက်တွေနဲ့ တွေ့သလိုပေါ့။ အဟက်.. ဆိုင်မဆိုင်တော့ မသိဘူး မြင်မိတာပြောပါတယ်။

ကန်တော့ပါရဲ့။ နောက်.. Fင်ခံတဲ့ ဘလောဂ့်ဆိုတာလည်း ထူးထူးဆန်းဆန်း တွေ့ရသဗျာ။ လိင်ကိစ္စဟာ ဘယ်လိုပွင့်လင်းသင့်တာတို့ဘာတို့ ကြီးကြီးကျယ်ကျယ်တွေရေး။ လိင်ကိစ္စပွင့်လင်းရမယ်ဆိုတာ ကိုယ်နဲ့ဆက်ဆံသူနဲ့ ကိုယ်နဲ့နှစ်ဦးသာ တိုက်ရိုက် ပက်သက်တာပါ။ ယောင်္ကျားချင်း kissing ဆွဲနေတဲ့ပုံတွေတင်ပြီး ပွင့်လင်း ပြစရာမလိုပါဘူး။ ဘလောဂ့်ပေါ်တင်ပြီး ချပြစရာမလိုဘူး။ ဒါပညာပေးမှ မဟုတ်တာ ရရှိထားတဲ့ လူ့အခွင့်အရေးကိုအသုံးချပြီ လျှပ်ပေါ်လော်လီတာ (ငါ့နဲ့ အခြောက်ကိုမှ လျှပ်ပေါ်လော်လီတယ် သွားပြောနေတယ်)။ အဟက်.. ယောင်္ကျားချင်းလိင်တူ ဆက်ဆံခွင့်ဟာ ဘုရားရဲ့ကျေးဇူးတော်ပါလို့ လက်ခံထားပုံရတယ်။ သူလုပ်မှ အခြောက်တွေFင်ခံတာ ဘုရားပေးတဲ့ ဆုလာဘ်ကြီးလိုလို..။ လိင်နဲ့ပက်သက်လို့ ဒီလိုတလွဲဆံပင်ကောင်း ပွင့်လင်းနေတာကို socialကျတဲ့ မမဘလောဂ့်ဂါတွေကလည်း တအုံးအုံးပေါ့လေ။ (ပြောမိပြန်ပြီ ငါ့ကြောင့် အုံနဲ့ကျင်းနဲ့ စိတ်ညစ်နေရအုံးမယ်)

အမှန်က တကယ်စေတနာရှိရင် ဆေးပညာရှုထောင့်ကရေးပေါ့။ လိင်ဆက်ဆံတာ ယုတ်ညံ့တာလည်း မဟုတ်သလို၊ အပြစ်တစ်ခုလည်းမဟုတ်ဘူး။ ဒါပေမယ့် သဘာဝလွန်နဲ့ သဘာဝနှစ်မျိုးတော့ရှိတာပေါ့။ ၀ဋ်နာကံနာဖြစ်နေတဲ့လူကို အပြစ်ပြောရင် ပြောသူအလွန် ဆိုတာ လက်ခံတယ်။ ဒါပေမယ့် အဲဒီဝဋ်နာကံနာ ပုဂ္ဂိုလ်တွေက ပိုပြီးဆင်ခြင်သင့်တယ်။ ဘ၀ကိုပျော်ပျော်ဖြတ်သန်းခွင့် ရှိပါတယ်။ ဒါပေမယ့် အများသူငါနဲ့ဆိုင်တဲ့နေရာတွေမှာ စည်းကမ်းမဲ့အမှိုက်မပြစ်နဲ့ပေါ့။ ကိုယ်ပိုင်ဘလောဂ့်စာမျက်နှာမှာ ပေါက်ကရရေးတာလည်း အများသူငါနဲ့ ဆိုင်တဲ့နေရာ အမှိုက်ပြစ်တာနဲ့ တူတူပဲ။ ပြောရင်းလည်း ပေကရှည်အုံးမယ်။ ကဲ.. ခေတ်ပညာတတ် ဘလောဂ့်ဂါကြီးတွေ စဉ်းစားသာကြည့်ကြဗျာနော။

အခုတည်းက နည်းနည်းကြိုပြောထားရအုံးမယ် ကျုပ်ကတော့ ဘလောဂ့်ငြိမ်းချမ်း ရေးသမားမဟုတ်ဖူး။ မြန်မာပြည်ရဲ့ အဓိကခေါက်ရိုးကျိုးစကားလုံးဖြစ်တဲ့ အဆိုးမြင် ၀ါဒီလို့ ပြောရင်ပိုမှန်မယ်။ ဘလောဂ့်တိုင်း ပေါက်ကရ(အနည်းငယ်) ရေးလို့ရပါတယ်။ သိပ်လွန်နေတဲ့ ဘလောဂ့်တွေဆိုရင်တော့ ကျုပ်ဒီကနေ ဂုဏ်ပြုပေးချင်ပါတယ်။ ဂုဏ်ပြုခံရတဲ့ ဘလောဂ့်တွေကလည်း အသိအမှတ်ပြုတယ်ဆိုရင် လာရောက်ချီးကျူး ထောပနာ ပြုကြပေါ့ဗျာ ဟား ဟား။

စာကြွင်း။ ။ စာပေကိုချစ်မြတ်နိုးစွာဖြင့် အကျိုးပြုစာပေများရေးသားနေသော ဘလောဂ့်ဖန်တီးသူများအား အထူးပင်လေးစားပါသည်။ ထိုသူတို့အပေါ် ကျွန်ုပ်စကားများလွန်ခဲ့သည်ရှိသော် တောင်းပန်ရန် ၀န်မလေးပါဟု ဂတိသစ္စာပြုပါသည်။
သူတော်